အဖျောက်မြို့၊ အဖျောက်ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

တိုက်ကြီး ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် မ‌ဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက အဖျောက်ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းတို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြဆောင်ရွက်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေအောင်လွင်က အမှာစကား ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းမောင်က အဖျောက်မြို့တွင် မီးဘေးလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုများ၊ အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ပြင်ဆင်ထားရှိမှုများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်က အမှိုက်မီးရှို့ခြင်းကြောင့် ပေါ့ဆမီး မဖြစ်ပွားစေရေး၊ လျှပ်စစ်ပစ္စည်းများ စနစ်တကျ သုံးစွဲခြင်းနှင့် မီးကြွင်းမီးကျန်များ စစ်ဆေးခြင်းဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အဖျောက်မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအရာရှိ ဦးချစ်ဝေဖြိုးက အဖျောက်ဈေး မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့ကို ဟောပြောကြသည်။

ထို့နောက် အဖျောက်နယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဇင်ကို၊ မြို့အဆင့် ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ မီးငြှိမ်းသတ်ယာဉ် အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)