နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ‌ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသန့်ရှင်းသာယာလှပရေးအား ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး အမြဲမပြတ်ဆောင်ရွက်သွားရန်၊ ကျောင်းဝန်းအတွင်းရှိ ရေဝပ်သောနေရာများတွင် ရေစီးရေလာကောင်းမွန်စေရေး ရေထုတ်မြောင်းများရှင်းလင်းဆောင်ရွက်ထားရန်၊ အမှိုက်များစနစ်တကျစွန့်ပြစ်စေရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှပင်များစိုက်ပျိုးထားရှိရေးတို့ကို မှာကြားခဲ့ပြီး ကျောင်းဆောင်များ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအား‌ပေးခဲ့‌သည်။

အလားတူ နေပြည်တော်တစ်ဝန်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပ‌စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိ‌သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ နန်ချွန်ကျေးရွာ ၄၀၀ Vol ပေ ၂၀၀၀ ကြိုးဆွဲခြင်းနှင့် ၂၀၀ KVA ထရန်စဖော်မာတည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နန်ချွန်ကျေးရွာ ကုန်ထုတ်လမ်း (မြေသား+ရိစာ) လမ်းကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်ညီဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ မင်းကုန်းကျေးရွာရှိ ဆောင်းဆီထွက်သီးနှံအထူးဇုံစံပြစိုက်ခင်းတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားရန်၊ စိုက်ပျိုးမြေများပြုပြင်ခြင်း၊ စိုက်ပျိုးရေရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရန်နှင့် နည်းစနစ်မှန်ကန်သည့် စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးသွားရန်၊ စိုက်ပျိုးရေးထွက်ကုန်များမှ ကုန်ချောများထုတ်လုပ်ပြီး ဈေးကွက်နှင့် ဈေးကောင်းရရှိအောင် တင်ပို့ရောင်းချနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ မြေစမ်းသတ်မှုများဆောင်ရွက်ပြီး စိုက်ပျိုးမြေကို ကောင်းမွန်အောင်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် တောင်သူများအား သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များပေးအပ်ခဲ့ပြီး မင်းကုန်းကျေးရွာ တောင်သူဦးလှထွန်းနှင့် တောင်သူများ၏ ဆောင်းဆီထွက်သီးနှံ အထူးဇုံစံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

ပြည်ထောင်စု‌နယ်မြေ၊ နေပြည်တော်၊ ‌ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းကွက်သစ်၊ ဇော်ဂျီလမ်း၊ ဖိတ်ဖိတ်ရောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင်မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ တိုင်း/ ခရိုင်/ မြို့နယ်မီးသတ် ဦးစီးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၁ နာရီ ၆ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်နေမှုအားကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)