ပြည် ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မဈေးကြီး၌ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့က အဆိုပါဈေးအတွင်းရှိ လျှပ်စစ်မီး မိန်းပလပ်ခုံနှင့်မီးကြိုးများစနစ်တကျသွယ်တန်းထားမှုရှိ/မရှိ အခြေအနေ၊ မီးသတ်ဆေးဘူးများ၊ အရေးပေါ်မီးသတ်ပိုက်လိုင်းများနှင့် ရေသိုလှောင်ကန်များ ကောင်းမွန်မှုရှိ/မရှိအခြေအနေတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင်ရန်လိုအပ်သည်များကို ဈေးတာဝန်ရှိသူများနှင့် ဈေးသူ/ဈေးသားများအား အကြံပြုဆွေးနွေးမှာကြားသည်။
ထို့နောက် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရာ ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက မီးလောင်မှုများမဖြစ်ပေါ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် မီးဘေးကြိုတင်ကာကွယ်နည်းလမ်းများအားဆွေးနွေးပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများအား မီးသတ်ဆေးဘူးနှင့် ရေစိုအဝတ်တို့ဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ပိုက်ဖြင့်မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)