ဘားအံ ဖေဖော်ဝါရီ ၁၅
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ကျင်းပရာ ဂေါက်သီးရိုက်အားကစားသမား ၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါဂေါက်သီးရိုက်ပြိုင်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အလှည့်ကျဂေါက်သီးရိုက်၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ကြပြီး Rule of Golf ဂေါက်သီးစဉ်းမျဉ်းများနှင့်ဒေသန္တရစည်းမျဉ်းများအတိုင်း ယှဉ်ပြိုင်ကစားခဲ့ကြကာ မျိုးဆက်သစ်ဂေါက်သီးအားကစား သမားများပေါ်ထွန်းလာစေရေး၊ အားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရေးနှင့် ပြိုင်ပွဲများတွင် နိုင်ငံတကာအဆင့်မီဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကအဖွင့် အမှာစကားပြောကြားပြီး ဘားအံဂေါက်ကလပ်ဥက္ကဋ္ဌ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဂေါက်ကွင်းပြုပြင်ထိန်းသိမ်းရေး ကောင်းမွန်သော ကွင်းဝန်ထမ်းများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးတို့က အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းနှင့် အနီးဆုံးဆု၊ line နှင့်အနီးဆုံးဆု၊ Par အများဆုံးဆု၊ Birdie အများဆုံးဆု၊ အကြိုးစားဆုံးဆုတို့ကိုလည်းကောင်း၊ Handicap 19 to 24 အငယ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက Handicap 0 to 18 အကြီးတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဒုတိယညကို ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်၊ သီရိကွင်းဒုံးစင်မြင့်၌ ဆက်လက်ကျင်းပရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအက၊ အလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ကရင်ဇာတ် သဘင်အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုအားလည်း ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)