ပေါင်းတည်၌ မတ်ပဲ စိုက်ခင်းများဖြစ်ထွန်း တောင်သူများ ဈေးကောင်းရ‌ရှိရေးမျှော်လင့်

ပေါင်းတည် ဖေဖော်ဝါရီ ၁၅

ပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ် မတ်ပဲ စိုက်ပျိုး ရာသီတွင် ၄၂၀၇၉ ဧက စိုက်ပျိုးထားကြောင်းသိရသည်။ တောင်သူများ၏ ထိုမတ်ပဲခင်းများသည် ယခုအခါ ပျှမ်းမျှ ၇၅ ရက်သားဝန်းကျင်ရှိနေကြပြီး ပျက်စီး ဆုံးရှုံးမှုများ မရှိပဲ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

မတ်ပဲသည် သက်တမ်းရက် ၉၀ သီးနှံမျိုးများဖြစ်ကြဖြစ်သဖြင့် မတ်လဆန်းရက်များတွင် ရိတ်သိမ်းချွေလှေ့ကြလိမ့်မည်ဖြစ်ကြောင်း၊ အများအားဖြင့် TBL-9နှင့်ဒေသအခေါ် စာပါးစပ် မတ်ပဲမျိုးများကိုစိုက်ပျိုးထားကြကြောင်း၊ ယခုနှစ်တွင် ဓာတ်မြေဩဇာနှင့် ဓာတုစိုက်ပျိုးရေးဆေးများလျှော့ချသုံးစွဲထားကြကြောင်း၊ ဓာတုဓာတ်ကြွင်းကင်းစင်သည့် ပဲများကိုသာ နိုင်ငံတကာဈေးကွက်များမှ ဈေးကောင်းပေးဝယ်ယူကြလိမ့်မည်ကို တောင်သူများ ကြိုတင်သိရှိပြီးဖြစ်၍ ယခုနှစ်တွင် သဘာဝမြေဩဇာနှင့် နွားကျင်ငယ်ရေများကို ပိုမိုအသုံးပြုကာ စမ်းသပ်စိုက်ပျိုးထားကြပြီး ပျက်စီးမှုလုံးဝမရှိပဲ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းကို TBL-9 မတ်ပဲမျိုးများစိုက်ပျိုးထားသူ နတ်ပုတီး‌ ကျေးရွာမှ တောင်သူ ဦးထွန်းထွန်းက ရှင်းပြသည်။

တောင်သူများအနေဖြင့် မိမိတို့ ကြိုးစားစိုက်ပျိုးထုတ်လုပ်မှုအတွက် အကျိုးခံစားမှုရရှိနိုင်ရေးအတွက် ပဲဈေးနှုန်းသတင်းများကိုနေ့စဉ် နားစွင့်စုံစမ်းလျက်ရှိကြကြောင်း၊ ယခုလတ်တလောနယ်ဒေသ ဈေးနှုန်းအရ ကျပ်တစ်သိန်းကျော်ရှိနေကြောင်း၊ မိမိတို့ပဲပေါ်ချိန်၌ ပိုမိုဈေးကောင်းရရှိရေးကို မျှော်လင့်လျက်ရှိကြကြောင်း ဆက်လက်သိရှိရသည်။

ပေါင်းတည် (ပြန်/ဆက်)