(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ ဖေဖော်ဝါရီ ၁၄

၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို ဌာနဆိုင်ရာပိုက်ကျော်ခြင်းအသင်း(၂၂)သင်း၊ အားကစားသမားပေါင်း ၁၅၄ ဦးတို့က ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပြည်နယ်ရဲတပ်ဖွဲ့အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပူးတွဲတတိယဆုရရှိသော ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအသင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ပူးတွဲတတိယဆုရရှိသော ဘားအံပညာရေးဒီဂရီကောလိပ်အသင်းအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက ဒုတိယဆုရရှိသော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ပြည်နယ်ရဲတပ်ဖွဲ့အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၅)သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။

အလားတူ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဒေသာကပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းဒုံးစင်မြင့်၌ကျင်းပရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအက၊ အလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)