မြောက်ဥက္ကလာ ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ သဓမ္မာလမ်း၊ အဝိုင်းကြီးကားမှတ်တိုင်တွင် ယနေ့ နေ့လယ် ၃ နာရီ ၁၉ မိနစ် အချိန်ခန့်က YBS မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ သဓမ္မာလမ်း၊ အဝိုင်းကြီးကားမှတ်တိုင်တွင် YBS မော်တော်ယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်မီးငြှိမ်းသတ်ရာ နေ့လယ် ၃ နာရီ ၂၅ မိနစ် အချိန်ခန့်က မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရခြင်းမှာ ယာဉ်မောင်း ဦး၀င်းမြင့် (ဘ)ဦးမြင့်စိုး ၊ အသက်(၄၀)နှစ် မောင်းနှင်းသော YBS 42 ယာဉ်လိုင်းမှ Hyundai အပြာရောင်ယာဉ်သည် (ဃ)ဈေးမှတ်တိုင်ဘက်မှ မြောက်ဥက္ကလာပ အဝိုင်းကားမှတ်တိုင်ဘက်သို့ သုဓမ္မာလမ်းအတိုင်း မောင်းနှင်းပြီး အဝိုင်းမှတ်တိုင်အရောက် လူအတင်အချပြုလုပ်နေစဉ် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ ရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ၊ ကားအတွင်းရှိ ဆိုဖာခုံများ ၊ ကားမျက်နှာကျက် ဖိုက်ဘာ အကာများ ၊ ကား အနောက်မှန်၊ ဘေးမှန်များ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၂၅၀၀၀၀၀ ကျပ်ခန့် မီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦး၀င်းမြင့် (ဘ) ဦးမြင့်စိုး ၊ အသက်(၄၀)နှစ် အား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၆၀/ ၂၀၂၆/ ပုဒ်မ-၂၅၈အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)