ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာ့လက်ဖက်ပွဲတော်အား  တက်ရောက်အားပေး

ရန်ကုန် ဖေဖော်ဝါရီ  ၁၄

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပသည့်​ မြန်မာ့လက်ဖက်ပွဲတော်ကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ ဖေဖော်ဝါရီလ(၁၄) ရက်နေ့အထိ ရန်ကုန်မြို့ စိမ်းလန်းစိုပြေဥယျာဉ်၌ ကျင်းပလျက်ရှိသည်။

ထိုသို့ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ညနေပိုင်းက   Beyond LAPHRT အဖြစ် မြန်မာ့လက်ဖက်စိုဖြင့်တွဲဖက်ပြီး စားသုံးနိုင်သည့် အစားအစားများကို ပြသရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ တာဝန်ရှိသူများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် နေထိုင်ကြသည့် တိုင်းရင်းသားများအားလုံးသည် လက်ဖက်ကို ပုံစံ မျိုးစုံဖြင့် စားသုံးကြကြောင်း၊ ဘုရားတင်၊ နတ်တင်ရာမှာလည်း လက်ဖက်က မပါမဖြစ် အသုံးပြုပြီး ပွဲလမ်းသဘင် ဧည့်ခံပွဲများတွင်လည်း လက်ဖက်က ပါနေရပါကြောင်း၊ တိုင်းရင်းသားအားလုံး၏ မရှိ မဖြစ် အမြဲစားသုံးနေသည့် စားဖွယ်တစ်ခုဖြစ်ကာ နှစ်ပေါင်းများစွာ သုံးစွဲလာသဖြင့် အစဉ်အလာ ကြီးမားသော စားကုန်ပစ္စည်း တစ်ခုလည်း ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားများ၏ ထူးခြားမှုတစ်ခုသည် လက်ဖက်အစိုကို အကြော်စုံဖြင့် တွဲဖက်၍သုပ်စားကြသည့် ဓလေ့ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဓလေ့တစ်ခုကို “ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်” အဖြစ်တင်သွင်းဖို့ ဆောင်ရွက်ခြင်းသည် အလွန်မှန်ကန် သင့်မြတ်လှကြကြောင်းစသည်တို့ကို ပြောကြားသည်။

ထို့နောက်  မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ အကြံပေး ဒေါ်ရွှေဇင်ထိုက်က ပွဲတော်ကျင်းပရခြင်း၏ အကြောင်းကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ပွဲတော်တွင် ပြသထားသည့် လက်ဖက်စိုဖြင့် တွဲဖက်ပြီး စားသုံးနိုင်သည့် အစားအစာပြခန်းများအား လှည့်လည် ကြည်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာ့လက်ဖက်ပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

လက်ဖက်စိုစားသုံးခြင်း ယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံသာမက  ကမ္ဘာ့နိုင်ငံအသီးသီးကပါ နှစ်သက် ဖွယ်ရာ အစားအစာတစ်ခုအဖြစ် သိမြင်လာစေရန်နှင့် လက်ဖက်ယဉ်ကျေးမှုဓလေ့ကို UNESCO Representative List of The Intangible Cultural Heritage (UNESCO ၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်)အဖြစ် သတ်မှတ်ရန်အတွက် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် လက်ဖက်ပွဲတော်ကို မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)