ရန်ကုန် ဖေဖော်ဝါရီ ၁၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ တတိယနေ့အဖြစ် ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက MSME ထုတ်ကုန်အရောင်းဆိုင်များတွင် ဈေးဝယ်လာပြည်သူများဖြင့် စည်ကားခဲ့သည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲတွင် MSME ထုတ်ကုန်အရောင်းဆိုင်များဖြစ်သည့် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်စသည်တို့ကို ရောင်းချနေမှုများကိုလည်း ဈေးဝယ်ယူအားပေးကြသူများဖြင့် စည်းကားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လာရောက်ကြည့်ရူအားပေးကြပြီး ဈေးရောင်းချနေမှုများနှင့်ဈေးဝယ်လာသူများ၊ ပွဲတော် သို့ လာရောက်လည်ပတ်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကိုယ်တိုင်လည်း ဝယ်ယူအားပေး ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပွဲတော်လာ ပြည်သူများအား စတုဒိသာ ကျွေးမွေးနေသည်များကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဆိုလာပြခန်းနှင့် EV (Bike) ပြခန်းတို့အား လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့ပြင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲတွင် ယမန်နေ့ ညပိုင်းက အလှဆင်မီးများဖြင့် အမှတ် တရ ဓာတ်ပုံရိုက်ခြင်း၊ နိုင်ငံကျော်တေးသံရှင်များနှင့် ဒီဂျေ(Dj)များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို လူငယ် လူရွယ်အများအပြားက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့် အတူလိုက်ပါသီဆို ကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ(၁၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)