ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ခရီးသွားဧည့်သည်လာရောက်မှုများဖြင့် စည်ကား

ညောင်ဦး ဖေ‌ဖော်ဝါရီ ၁၃

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် (၆)ရက်ဆက်ပိတ်ခြင်းနှင့်အတူ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ရွှေစည်းခုံဘုရားဘဏ္ဍာတော်ထိန်းဂေါပ ကတာဝန်ရှိသူများထံက သိရသည်။

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် (၆) ရက်ပိတ်ခြင်းနှင့်အတူ မြန်မာပြည်အရပ်ရပ်မှ လေ့လာရေးဘုရားဖူး လာရောက်သူများသည် သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များ ရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိ ဘုရားများတွင် ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။

ပွဲတော်အချိန်ခါ မဟုတ်သည့် (အခါကြီးရက်ကြီး) အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်းပြည်ပခရီးသွား အဆက်မပြတ်သည့် မြို့ဖြစ်ကာ သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်/ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး  ပကတိအတိုင်းရှိနေသေးသည့်ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွှဲ တစ်နေရာနှင့် တစ်နေရာ မဝေးကွာဘဲ တဆက်တစပ်ထဲ ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်း ပြည်ပခရီးသွားများကို အလွန်ပင်စွဲဆောင်လှကြောင်း ပုဂံဒေသဘယ်နှစ်ခေါက်ရောက်ရောက် ထပ်ထပ်ကာလာချင်စိတ်ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက်ဘုရားဖူး လာရောက်ကြသည့် မစန္ဒာလှိုင်က ပုဂံဒေသအကြောင်း ပြောပြကာ ဘုရားဖူးများ၊ ခရီးသွား ပြည်တွင်းပြည်ပခရီးသွားများ အမြဲတမ်းမပြတ် ရှိနေခြင်းက ပုဂံ-ညောင်ဦး ရှေးဟောင်းနယ်မြေအား တန်ဘိုးထားလို့သာ ထပ်ကာထပ်ကာ လာရောက်ကြကြောင်း၊ ပုဂံဘုရားများ မြင်းခြံမြို့က ဘုရားဖူးလာရောက်သည့် ဦးဇေယျာအောင်က ပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ လေ့လာရေးဘုရားဖူးခရီးသွား ဖေဖော်ဝါရီ ၁၂ ရက် နေ့မှစတင်ကာ နေ့စဉ်တစ်သိန်းကျော် ဝင်ရောက်လျက်ရှိကာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ် သာများတွင် ဘုရားဖူးများ ပြည့်နေကာ၊ စားသောက်ဆိုင်များ၊ ပြည်တွင်းဧည့်ကားအငှား လိုက်သူများ၊ မြင်းလှည်းအငှားလိုက်သူများ၊ မီနီအိုးဝေ အငှားထောင်ထားသူများ၊ ပြည်တွင်း ဧည့်လမ်းညွှန်များ၊ ဒေသထွက်ပစ္စည်းရောင်းချသည့်ဆိုင်များ နေ့စဉ်ရောင်းဝယ်ဖောက် ကားမှုများဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း