ရန်ကုန် ဖေဖော်ဝါရီ ၁၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ ပြခန်းများ၊ MSME ထုတ်ကုန်အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်သူများနှင့် လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများဖြင့် စည်ကားခဲ့သည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲတွင် ပြည်သူများက ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာပြခန်းများ၊ MSME ထုတ်ကုန်အရောင်းဆိုင်များတွင် လာရောက်လေ့လာကြည့်ရှုသူများနှင့် ဈေးဝယ်ယူအားပေး လျက်ရှိပြီး စတုဒီသာ အကျွေးအမွေးများဖြင့် စည်ကားခဲ့သည်။
ညပိုင်းတွင် အလှဆင်မီးများဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ နိုင်ငံကျော်တေးသံရှင်များနှင့် တိုင်းရင်းသားရိုးရာအက တေးသီချင်းများ၊ ဒီဂျေ(Dj)များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို လူငယ်လူရွယ်အများအပြားက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့် အတူလိုက်ပါသီဆို ကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
ထိုပြင် မီးရှူးမီးပန်းများ ပစ်ဖောက်သည့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ပြည်သူအများအပြားနှင့်အတူ ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲကြသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ၊ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ(၁၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)