ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဖတ်ကြားသည်။
ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူများနှင့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမှတ်(၉၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသား/သူများ၊ အားကစားသမားများ၊ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)