စစ်တွေ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ (၄၀) ဧက ဖော်ထုတ်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ (၄၀) ဧက ဖော်ထုတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက် သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နွေစပါး၊ မိုးစပါးနှင့်ဆောင်းသီးနှံများ စိုက်ပျိုးဆောင်ရွက်မည့် အစီအမံများအားလည်းကောင်း၊ ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံက စနစ်ကျ လယ်မြေအတွင်း စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မျိုးသန့်ခြံအတွင်းမှ မြေအောက်ရေများတူးဖော်ကာ ရေစုကန်မှတစ်ဆင့် ကန်တော်ကြီးသို့ ရေအကူဖြည့်တင်းနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်ရမည့် အစီအမံများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စနစ်ကျလယ်မြေ(၄၀)ဧက ဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်တော်ကြီးသို့ ရေအကူဖြည့်တင်းရန် ရေစုကန်တွင် ဆိုလာစနစ်ဖြင့် ရေဖြည့်နေမှုအားလည်းကောင်း၊ မျိုးသန့်ခြံအတွင်းရှိ ရေကန်အား ပြန်လည်ပြုပြင်နိုင်ရန် ဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ၌ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေးထားမှုနှင့် တောင်သူများ၏ ဆောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး