လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ညနေ(၄)နာရီမှစတင်၍ အမှတ်(၇)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းထောင့် ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် ရောင်စုံမီးပန်းအလှများ အစုံထွန်းလင်းလျက် ဂီတဖျော်ဖြေရေးပွဲတော်၊ စျေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများအား စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။
စျေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲတွင် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၊ မုန့်ဈေးတန်းများဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ချားရဟတ်စီးကြသူများ၊ အမှတ်တရ အလှဓာတ်ပုံရိုက်ကြသူများ၊ ကလေးကစားကွင်းများတွင် လူကြီး၊ လူငယ်၊ လူရွယ်၊ ကလေးများ လာရောက်ကြည့်ရှုသူပရိတ်သတ်များအား အထူးစည်ကားလျက်ရှိသည်။ ညပိုင်းအစီအစဉ်တွင် လူရွှင်တော်ခေါလေး၊ အာဇာနည်စန်းစန်း၊ ကျော်တိုးမျက်လှည့်အဖွဲ့များက အလှည့်ကျ ဂီတဖျော်ဖြေလျက်ရှိပြီး ပွဲတော်များကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ ဆက်လက်ဖျော်ဖြေတင်ဆက်လျက်ရှိသည်။
အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော် ပျော်ပွဲရွှင်ပွဲတို့ကို အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် အဖွဲ့ဝင်များ ကြီးမှူး၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)