ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွေသိမ်တော် တန်ခိုးကြီးဘုရား၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဘုရားဖူးပြည်သူများနှင့် စည်ကား

ကျောက်ဆည် ဖေဖော်ဝါရီ ၁၄

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီးဘုရား၌ အစိုးရ ရုံးဌာနများ၊ အခြေခံပညာကျောင်းများ ၆ ရက် ရက်ရှည်ပိတ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွား ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာအနီးတွင်တည်ရှိကာ နေ့စဉ်ဘုရားဖူပြည်သူများနှင့် အမြဲစည်ကားလျက်ရှိပြီး ရုံးပိတ်ရက်များ၊ နေ့ကြီး၊ ရက်ကြီးများ၌ ဘုရားဖူးလာသည့် ပြည်သူများနှင့် ပို၍စည်ကားကြောင်း၊ ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီး၏ ဂေါပကအဖွဲ့မှလည်း ဘုရားဖူးပြည်သူများ အဆင်ပြေစေရေး ယာဉ်ရပ်နားကွင်းများ စနစ်တကျဆောင်ရွက်ပေးထားပြီး၊ ဘုရားဖူးပြည်သူများ၏ လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး လုံခြုံရေး ဝန်ထမ်းများ ထားရှိပေးထားကြောင်း သိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကို သက္ကရာဇ်(၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန္တာကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် တန်ခိုးကြီးရှေးဟောင်းဘုရား တစ်ဆူဖြစ်ကြောင်းနှင့် သစ္စာအဓိဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ တစ်နေ့တစ်ခြား စည်ကားလာကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)