ညောင်ဦး ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားနေကာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တခွင်လုံး ဘုရားဖူးကားများ၊ ဘုရားဖူးသူများ၊ မီနီအိုဝေများ၊ မြင်းလှည်းများ၊ အီးဗိုက်များဖြင့် နေရာတိုင်းတွင် ဘုရားဖူးလာသူများဖြင့် စည်ကားများပြားနေကြောင်း မြင်းကပါကျေးရွာ၊ မနုဟာဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ပုထိုး၊စေတီ၊သာသနိက အဆောက်အုံ ၃၇၃၈ ကျော်ကျန်ရှိနေကာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထားရှိသည့် ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊တုရင်တောင်စွယ်တော်မြတ်စေတီ၊လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ဓမ္မရာဇကဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာ နန္ဒာဘုရား၊ ဗူးဘုရား၊ မဟာဗောဓိဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ရွှေဆံတော်ဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင် ဘုရားနှင့်ပြဿဒ်ကြီးဘုရားတို့တွင် ဘုရားဖူးများ အလွန်များပြားနေကာ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များကို လေ့လာလိုသည့် လေ့လာရေးဘုရားဖူး ဧည့်သည်များသည်လည်း မြင်းကပါဂူပြောက်ကြီးဘုရား၊ ဂူပြောက်လေးဘုရား၊ ဝက်ကြီးအင်းဂူပြောက်ကြီး၊ ဂူပြောက်လေးဘုရား၊ ဘုရားသုံးဆူ၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင်ဘုရား၊ သစ္စာမဏ္ဍိုင်ဘုရား၊ ကုသဘုရား၊ သမုတိဘုရား၊ တောင်တဝက်ဂူဘုရား၊ ဆင်များရှင်ဘုရား၊ ရွှေဂူကြီးဘုရား၊ ဂရို့ချိုးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ နဂါးရုံဘုရား၊ အပါယ်ရတနာ ဘုရား၊ အရှေ့ဖက်လိပ်၊ အနောက်ဖက်လိပ်ဘုရား၊ တောင်ဂူနီမြောက်ဂူနီဘုရားတို့တွင်လည်း ဘုရားတည်ဆောက်ပုံဗိသုကာလက်ရာများကို လေ့လာခြင်း၊ နံရံပန်းများ၊ မင်စာများ၊ ကျောက်စာများကို လေ့လာခြင်းနှင့် ကျောက်ဆက်ပန်းဆွဲများ လေ့လာခြင်းတို့ဖြင့် စည်ကားနေလျက်ရှိကာ ပြည့်ငါးပြည့်ဘုရားတို့တွင်လည်း ဘုရားဖူးများဖြင့် စည်ကားနေပြီး ညနေပိုင်း တောင်ကုန်းတုများပေါ်မှ နေဝင်ဆည်းဆာကြည့်ရှုခြင်းများနှင့် နံနက်ပိုင်း Balloons စီးပြီး ပုဂံအလှအား ကောင်းကင်မှ ကြည့်ရှုသူများဖြင့် စည်းကားနေကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတာဝန်ရှိသူများထံက သိရသည်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် (၆) ရက်ဆက် ပိတ်ခြင်းကြောင့် ဘုရားဖူးလာရောက်သူများပြားခြင်းနှင့်အတူ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ပြည့်နေပြီး မြင်းလှည်း၊ အီးဗိုက်၊ မီနီအိုးဝေ၊ ကားအငှားလိုက်သူများ အဆင်ပြေနေကြကာ လက်အလှပန်းချီရေးဆွဲသူများ၊ စားသောက်ဆိုင်များ၊ ဒေသထွက် ကုန်အရောင်းဆိုင်များ၊ ပုံးရည်ကြီးအရောင်းဆိုင်များ ရောင်းအားကောင်းနေကြကြောင်း၊ ပြည်တွင်းဧည့်လမ်းညွှန်များလည်း အလုပ်အကိုင် အခွင့်လမ်းရရှိနေကြကာ ဝင်ငွေတွက် ခြေကိုက်နေကြကြောင်း သိရပြီး တစ်ရက်လျှင် ဘုရားဖူးခရီးသွား တစ်သိန်းခွဲကျော်ဝင် ရောက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း