ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း ကျုံးမြောက်ဘက်ခြမ်း မြေထိန်းနံရံ ကျောက်စီခြင်းနှင့် သံပန်းတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျုံးအတွင်း ရေဝင်ရေထွက်စနစ် ကောင်းမွန်စေရေး၊ ကျုံးရေပြင်၌ ကြာပန်းများဖြင့် လှပတင့်တယ်စေရေး၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နှစ်စဉ် ပဲခူးမြစ်ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ်ကွက်၌ အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေရှိ School Cum Shelter တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်အား သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက စစ်ဆေးရန်နှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း ဘက်စုံအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးမြို့အတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရေးအတွက် အထင်ကရနေရာဖြစ်၍ သန့်ရှင်းသာယာလှပစေရေး၊ လာရောက်လေ့လာလည်ပတ်သူများ စိတ်ချမ်းမြေ့စေရေး၊ ရှေးဟောင်းနန်းတွင်းသုံးပစ္စည်းများ ကြည့်ရှုနိုင်ရေး၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ စနစ်တကျဖွင့်လှစ်ရောင်းချနိုင်ရေး၊ Information Center များ ထားနိုင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းခွင် အန္တရာယ်ရှင်းရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟံသာဝတီမြို့ဟောင်း၊ အင်းဝတံခါးပေါက်အနီး မြို့ရိုးပြန်လည် တူးဖော်ထိန်းသိမ်းထားရှိမှု၊ မြို့ရိုးနှင့်ကျုံးကြား မြေယာရှုခင်းအလှ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နန်းတော်ရာရပ်ကွက်အတွင်းရှိ ဥဿာမင်္ဂလာကန်တော်အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အများပြည်သူ ကျန်းမာရေးလေ့ကျင့်ခန်းသုံးပစ္စည်းများ ပြည့်စုံကောင်းမွန်မှုရှိစေရေးနှင့် ရေကန်ဘောင်ရှိ သံပန်းအကာများ သေသပ်လှပခိုင်ခန့်မှုရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရွှေအောင်ရွေးစေတီတော်၏ ကုန်းတော်ခိုင်ခန့်မှုရှိစေရေး၊ ရင်ပြင်တော်ဘက်စုံပြုပြင်မွမ်းမံနေမှုနှင့် ဓာတ်လှေခါးအသစ်တပ်ဆင်နိုင်ရေး ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပွင့်လင်းရာသီအတွင်း တည်ဆောက်ရေးလုပ်ငန်းအားလုံး အချိန်မီပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)