တာမွေမြို့နယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်လေးလုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်

တာမွေ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှု(၁)လမ်း အမှတ်(၁၁၁)၊ အကျယ်အဝန်း (၂၀×၃၀)ပေ အုတ်ညှပ်နှစ်ထပ် နေအိမ်အဆောက်အအုံ၏ အကျယ် အဝန်း (၉×၃၀)ပေ အပေါ်ထပ် ညာဘက်အခန်း၌ မီးပူတိုက်၍ မီးပူခလုတ်နှင့် မီးပလပ်မဖြုတ်ဘဲ ထားခဲ့ရာမှ မီးပူ၏ အရှိန်ကြောင့် အဝတ်အစားများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှု ယမန်နေ့ ည (၈) နာရီ (၄၂) မိနစ်အချိန်ခန့်က ‌ဖြစ်ပွားခဲ့ပြီး လူနေအိမ်လေးလုံးနှင့် အိမ်အတွင်းပစ္စည်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၁၃)စီး၊ ရေသယ်ယာဉ်(၁၂)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၁)ဦးတို့ဖြင့် ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ ယမန်နေ့ည(၉)နာရီ (၉)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် (၂၀×၃၀)ပေ အုတ်ညှပ်နှစ်ထပ် နေအိမ်(အဟောင်း) တစ်လုံး၊ (၃၀×၂၀)ပေ ပျဉ်ထောင်နှစ်ထပ် နေအိမ်(အဟောင်း)တစ်လုံး၊ (၂၀×၃၀)ပေ ပျဉ်ထောင်တစ်ထပ် နေအိမ်(အဟောင်း)တစ်လုံး၊ (၁၂×၅၀)ပေ ပျဉ်ထောင်တစ်ထပ် နေအိမ် (အဟောင်း) တစ်လုံးနှင့် အိမ်အတွင်းပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အိမ်ငှား ဦးသက်ထွန်း(ခ)သီဟအား တာမွေမြို့မရဲစခန်းမှ (ပ) ၁၀၂ / ၂၀၂၆ / ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)