ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ နွေသီးနှံများအတွက် မျိုးစေ့များပေးအပ်ခြင်းနှင့် ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ

ပျော်ဘွယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ နွေသီးနှံများအတွက် မျိုးစေ့များ ပေးအပ်ခြင်းနှင့် ရေဆင်း-၁ စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်၊ နံနက် ၉ နာရီက ချောင်းမကြီး မျိုးသန့်ခြံတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ချောင်းမကြီးမျိုးသန့်ခြံ ဦးစီးမှူးက ရေဆင်း-၁ စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်နှင့် တောင်သူများ နေကြာသီးနှံစိုက်ပျိုးရာတွင် သိရှိထားရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းထိန်က ဆင်းရွှေကြာ-၂ မျိုးစေ့များကိုလည်းကောင်း၊ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့် က ရွှေတောင်-၁၀ ဝါမျိုးစေ့များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက မနောသုခမျိုးစပါးများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက သဘာဝမြေဩဇာများကိုလည်း ကောင်း ပေးအပ်ကြရာ တောင်သူများက လက်ခံရယူကြသည်။

ထို့နောက် ချောင်းမကြီးမျိုးသန့်ခြံတွင် စိုက်ပျိုးထားသည့် ရေဆင်း ၁ စပ်မျိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းအား နွေသီးနှံ စိုက်ပျိုးကြမည့်တောင်သူများ၊ နေကြာသီးနှံစိုက်ပျိုးလျက်ရှိသည့်တောင်သူ ၈၀ ဦးခန့်က စိုက်ခင်းအတွင်း လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တိုင်းဒေသကြီး ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးငြိမ်းဇော်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)