မြဝတီမြို့ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ မူလတန်းပြီးမြောက်ခြင်း လက်မှတ်ပေးအပ်သည့် အခမ်းအနား ကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယနေ့နံနက် (၈) အချိန်၌ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မူလတန်းပြီးမြောက်ခြင်း လက်မှတ်ပေးအပ်သည့်အခမ်းအနားကိုကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် ၂ ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ ​မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း founder ဦးသန်းရွှေနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာမူလတန်းကြိုကျောင်းမှ Grade(2)၊(4) ကျောင်းသား၊ကျောင်းသူများက အက၊အလှများဖြင့် ကပြဖျော်​ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အလံအားအလေးပြုခဲ့ကြသည်။ ထို့နောက် ကျောင်းသူ၊ ကျောင်းသားလေးများက ဘက်စုံပညာရည်တို့လှမ်းချီသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး၊ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ပထမ၊ဒုတိယ၊ တတိယဆုများကိုလည်းကောင်း၊ မူလတန်းကြိုကျောင်း ကျောင်းသား၊ကျောင်းသူများကို မူလတန်းပြီး​မြောက်ခြင်းလက်မှတ်များအားလည်းကောင်း တာဝန်ရှိသူ အသီးသီးမှ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)