၂၀၂၆ ခုနှစ်၊ (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ကျင်းပ

ချမ်းမြသာစည် ဖေဖော်ဝါရီ  ၁၂

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ ဆင်ဖြူကန်ကွင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ဇနီး၊  တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်၊ မြို့တော်ဝန်စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးတို့သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကြိုဆိုဂုဏ်ပြုကြသော ကျောင်းသား၊ ကျောင်းသူ ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်၍ ပြပွဲပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆုချီး​မြှင့်ပွဲအခမ်းအနားတွင် အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) မှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှတေးသီချင်းလေးများဖြင့် အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးမြို့တော်စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းက အမှာစကား ဆက်လက်ပြောကြားခဲ့ပြီး ဆုချီးမြှင့်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က ဆုရွေးချယ်အကဲဖြတ် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းအလှပြင် ခြင်းပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရာသီပန်းအလှပြိုင်ပွဲ၊ ရှားစောင်းပင်ပြိုင်ပွဲ၊ အသီးပါသည့်အလှ​ပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်အရွက်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်ဥ ပြိုင်ပွဲ၊ သစ်သီးဝလံဥပြိုင်ပွဲ စသည့် ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ဌာနဆိုင်ရာ ပြခန်းများနှင့် ပုဂ္ဂလိကပြခန်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ယင်းနောက်  (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲအတွက် "ခွန်ဆင့်ချိုချိုုပန်းမျိုးစုံ" တေးသီချင်းရေးစပ်သီကုံးပေးခဲ့သော တေးရေးရွှေသက်အား ဂုဏ်ပြုဆုလက်ဆောင် ပေးအပ်ခဲ့ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဝန်ကြီးများနှင့် ဇနီးတို့အား ပန်းအလှပင်များ လက်ဆောင်ပေးအပ်၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။ (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အလင်းသစ် (ပြန်/ဆက်)