(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၃

၂၀၂၆ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြစန္ဒီပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး အခြေခံပညာမူလတန်း(လွန်) မြဝတီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သုံးရောင်ခြယ်တေးသီချင်းဖြင့်လည်း​​ကောင်း၊ ကရင်ရိုးရာယဥ်ကျေးမှုအဖွဲ့မှ ကရင်ရိုးရာဒုံးအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်ပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကျပန်းပြိုင်ပွဲများနှင့် အထက်တန်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ‌လေးများကို ခရိုင်စီမံခန့်ခွဲရေနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့ကြပြီး မွန်ရိုးရာယဥ်ကျေးမှုအဖွဲ့မှ မွန်ရိုးရာအကဖြင့်လည်း​​ကောင်း၊ အခြေခံပညာအထက်တန်း(ခွဲ) အောင်​မြေရွှေဘုံကျောင်းမှ ကျောင်းသား၊ ကျောင်းသူ​လေးများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)