ကမမောင်း ဖေဖော်ဝါရီ ၁၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် နိုင်ငံတော်အလံ အလေးပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က (ကမမောင်း) မှ ကျောင်းသား၊ ကျောင်းသူလေးများက "ပြည်မြန်မာ" သီချင်းသီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖာပွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်းကဖတ်ကြားသည်။ ယင်းနောက်(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် တို့တွင်စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစောမျိုးမြင့်၊ ဖာပွန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ကမောင်းမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းကြိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)