တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တည်ခင်းဧည့်ခံသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နှုတ်ဆက်ပြီး ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ညစာကိုအတူတကွ သုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက တိုင်းရင်းသားရိုးရာအက၊ တေးသံသာများ၊ အာဆီယံတေးသီချင်းအပါအဝင် ပဒေသာကပွဲများဖြင့် ကပြသီဆိုတီးခတ်ဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သီဆိုကပြဖျော်ဖြေပေးသော အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ အပန်းပြေပျော်ရွှင်ချမ်းမြေ့စေရန်ရည်ရွယ်၍ ကျင်းပသည့် စတိတ်ရှိုး စင်တင်တေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းတွင် ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ရွှေဝယ်ကမ်းသာရင်ပြင်၌ တေးသံရှင်များနှင့် ဝါသနာရှင်များက သီဆိုဖျော်ဖြေဧည့်ခံကြရာ လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့ပြင် လာရောက်ပါဝင်ဆင်နွှဲကြသူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ရင်ပြင်အတွင်း စားသောက်ဆိုင်များ၊ ဈေးဆိုင်ခင်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသရိုးရာအစားအစာများကို ရောင်းချပေးလျက်ရှိရာ ဝယ်ယူအားပေးစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ရောင်စုံမီးများ အလှဆင်ထားပြီး ဂီတအနုပညာကို ခံစားကြည့်ရှုနိုင်စေရန်အတွက် တေးသံရှင်များနှင့် ဝါသနာရှင်များက စတိတ်ရှိုး၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ညလုံးပေါက် စီစဉ်ဆောင်ရွက်ပေးထားရာ ဒေသခံပြည်သူများက စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ကား၊ ဆိုင်ကယ်များ စနစ်တကျထားရှိနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)