မိတ္ထီလာ ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ တက်ရောက်လာကြသူများက အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂ဝ၂၆ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ဖတ်ကြားသည်။ ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်တက္ကသိုလ်၊ ကောလိပ်အဆင့်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့်ပြိုင်ပွဲများတွင် ဆုရှိသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ဝန်ထမ်းများက တက်ရောက်လာသူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ