(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ မြိတ်မြို့တွင်ကျင်းပ

မြိတ် ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင်ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဖေဖော်ဝါရီလ (၁၂) ရက် နံနက်ပိုင်းက ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို မြို့မအားကစားကွင်းတွင် ကျင်းပသည်။

ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက် (၅) နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြသည်။

သဝဏ်လွှာဖတ်ပွဲကို နံနက် (၇) နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား မြိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသား/သူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ မြို့မိမြိုဖများနှင့် ဖိတ်ကြားထားသူများက စုပေါင်းညီ ညာစွာ ဦးညွှတ်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံမှပေးပို့သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက ဖတ်ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား/သူများက ပြည်ထောင်စုနေ့ ဂုဏ်ပြုတေးသီချင်းများဖြင့် တိုင်းရင်းသားရိုးရာ အကအလှများဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်သည်။ ထို့အတူ အခမ်းအနားတက်ရောက်ကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်ကို မြိတ်ခရိုင်ရုံးဝန်ထမ်းများက ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)