စစ်တွေ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရှင်းလင်းဆောင်၌ စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သာသနာ့ဗိမာန်တော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဗိမာန်တော်ကြီး သန့်ရှင်းသာယာလှပရေး တို့အတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုပြီး ဗိမာန်တော်ကြီး ပထမနှင့် မြေညီထပ်တို့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး