တိုက်ကြီး ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အနော်ရထာရပ်ကွက် ဥက္ကံဈေး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေအောင်လွင်က အမှာစကားပြောကြားပြီး ဥက္ကံမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က မီးဘေးလုံခြုံရေး ဆောင်ရွက်ရမည့် အစီအမံများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပြုရမည့် အချက်များကိုလည်းကောင်း၊ ဥက္ကံအရန်မီးသတ်စခန်းတာဝန်ခံ တပ်ခွဲမှူး ဦးသိန်းတန်က အရန်မီးသတ်စခန်း မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ဥက္ကံမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအရာရှိ ဦးမျိုးမင်းထွဋ်က ဥက္ကံဈေး မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ဟောပြောကြသည်။
ထို့နောက် ဥက္ကံနယ်မြေမီးသတ်စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ခန့်ကျော်က မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တို့ကိုအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)