အလုံမြို့နယ်၌ မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

အလုံ ဖေဖော်ဝါရီ ၁၃

အလုံမြို့နယ်၌ မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအကြောင်းနှင့် ၂၀၂၅ခုနှစ်အတွင်း ကာကွယ်ဆေးထိုးနှံမှုအခြေအနေအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ကျန်းမာရေးမှူး-၁ ဦးသန်းနိုင်မှ ကာကွယ်ဆေးထိုးကလေးမကျန်စေရေးအတွက် တစ်နှစ်အောက်ကလေးစာရင်းနှင့် ကိုယ်ဝန်ဆောင်စာရင်းအရေးကြီးပုံအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ထွန်းမှ လူဦးရေ စာရင်းဇယားမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ဆွေးနွေးညှိနှိုင်းခြင်းတို့ကို​ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်ဦးအောင်စိုးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်စိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၁) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ

မြို့နယ် (ပြန်/ဆက်)