အုတ်တွင်းမြို့နယ်၌ (၇၉)နှစ်မြောက် ​ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

အုတ်တွင်း ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အုတ်တွင်းမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနားနှင့် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက် ၅နာရီခွဲအချိန်တွင် အလံတင်အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်အလံအား အလံတင်စစ်ခရာမှူတ်၍ တိုင်ထိပ်သို့လွှင့်တင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့်(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က ဖတ်ကြားသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၅)ဦးနှင့် အခြေခံပညာကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (ရုံးချုပ်)မှထုတ်ဝေသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)