ကျွန်းစုမြို့နယ် မစမ်းပါးကျေးရွာရှိ ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

မြိတ် ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မစမ်းပါးကျေးရွာရှိ ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကျေးရွာအရောက်ကွင်းဆင်းဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဖေဖော်ဝါရီ(၁၁)ရက်က ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ကြသည်။

ကွင်းဆင်းဆေးကုသပေးခြင်းသည် ကျေးလက်နေပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန်၊ ပြည်သူ့ဆေးရုံတွင် အခမဲ့‌ဆေးကုသပေးနေမှုများကိုသိရှိနိုင်စေရန်နှင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူရန်လိုအပ်သည့် ဝေဒနာရှင်များ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနိုင်စေရန်ရည်ရွယ်ချက်များဖြင့် ကျေးရွာအရောက်ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းဖြစ်သည်။

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ခရိုင်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး   ဦးဆောင်သော အထူးကုဆရာဝန်များအဖွဲ့သည် ပြည်သူများ၏ အထွေထွေရောဂါ၊ ခွဲစိတ်၊ အရိုး၊ မျက်စိ၊ အရေပြား၊ သွားနှင့်ခံတွင်း၊ ကလေး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ဝေဒနာရှင်များအား စမ်းသပ်စစ်ဆေး ကုသပေးပြီး ဆေးဝါးများအခမဲ့ပေး၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြသည်။

ထိုသို့ မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ ကွင်းဆင်းဆေးကုသပေးရာတွင် ဝေဒနာရှင်(၃၀၆)ဦးကို စမ်းသပ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)