တွံတေးမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

တွံတေး ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင်ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က တွံတေးမြို့နယ်၊ (ခ) အဆင့်အားကစားရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နံနက် (၇) နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံအားအလေးပြုခြင်းက်ို ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြကြောင်း သိရသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲကိုကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ဖတ်ကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသဝဏ်လွှာဖတ်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအင်အား (၅၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး