ကျောက်ဆည် ဖေဖော်ဝါရီ ၁၃
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့မွန်းလွဲ ၁ နာရီက လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါက်တာသိင်္ဂသန်းဦးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်များဖြင့် အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များနှင့် အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)