ဖြူးမြို့နယ်၌ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဖြူး- ဖော်ဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနား၊ သ၀ဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် (၆) နာရီခွဲ အချိန်မှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နံနက် (၆) နာရီ (၃၀) မိနစ်အချိန်တွင် အလံတင်အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်အလံအား အလံတင်စစ်ခရာမှုတ်၍ တိုင်ထိပ်သို့လွှင့်တင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်၍ နံနက် (၇) နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်​ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား တက်ရောက်လာကြသူများက အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့သ၀ဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်ကဖတ်ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ပေးကြောင်းနှင့် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) မှထုတ်ဝေသည့် (၇၉)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)