ထားဝယ် ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနအသင်းနှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ မီးသတ်ဦးစီးဌာနအသင်းက (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးသည့် ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ကာ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ဂိုးသွင်းအများဆုံး ဆုရရှိသည့် မီးသတ်ဦးစီးဌာနအသင်းမှ မောင်သန့်ဇင်လင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆု ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်က တတိယဆု ရရှိသည့် တိုင်းဒေသကြီး ပညာရေးဌာနအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်ပေးက ဒုတိယဆု ရရှိသည့် လမ်းဦးစီးဌာနအသင်းအားလည်းကောင်း၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်က ပထမဆုရရှိသည့် မီးသတ်ဦးစီးဌာနအသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပထမဆု ရရှိသည့် မီးသတ်ဦးစီးဌာနအသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)