တိုက်ကြီး ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တင်းနစ်အားကစားကွင်းတွင် ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တက်ရောက်လာကြသူများက အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဖတ်ကြားသည်။
ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသော အသင်းများ၊ မန္တလေးငလျင်ဘေးတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် မီးသတ်ဦးစီးဌာန၏ ချီးကျူးဂုဏ်ပြုလက်မှတ်ရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအသင်းများ၊ ရန်ကုန် တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာ ပြိုင်ပွဲတွင် ကျိုးပဥ္စမဆုနှင့် အဖွဲ့လိုက် တတိယဆုရရှိသည့် အထက(တိုက်ကြီး) စက်၊ စိုက်၊ မွေး ကျောင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)