သာစည် ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာတက်ရောက်လာသူများနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့ကနေရာယူကြပြီး နိုင်ငံတော်အလံကို လွှင့်တင်အလေးပြုကြသည်။ ဆက်လက်ပြီး နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲကို မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို ဦးစွာအလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ဖတ်ကြားသည်။
ဆက်လက်ပြီး အ.ထ.က(၁)ကျောင်းသူလေးများက စည်းလုံးစို့လေ သွေးချင်းတို့ရဲ့ပြည်သီချင်းဖြင့် ကပြဖျော်ဖြေရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူးတေဇာမြင့်က ဂုဏ်ပြုဆုငွေချီးမြှင့်သည်။ ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျင်းပပြုလုပ်သော အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်စာစီစာကုံး၊ ပန်းချီနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့၌ ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့်ဆုချီးမြှင့်ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။ ဆက်လက်ပြီး အ.ထ.က(၂) ကျောင်းသူလေးများက ထာဝရမြန်မာသီချင်းဖြင့် ကပြဖျော်ဖြေရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်ဦးစိုးဝင်းအောင်က ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများ၊ ဆုရရှိသူများနှင့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေသော ကျောင်းသူလေးများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲဝင်များ၊ ဖိတ်ကြားထားသူများ၊ ဆရာ/မများနှင့်ဆုရရှိသော ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်