တောင်ငူ ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို တောင်ငူမြို့၊ ခရိုင်အားကစားကွင်း၌ ယနေ့နံနက် (၅:၃၀) နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အလံတင်ခရာမှုတ်၍ ကျင်းပရာ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အလေးပြုသည်။ ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲကို ခရိုင်အားကစားကွင်း၌ နံနက် (၇)နာရီတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက ဖတ်ကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)