ရန်ကုန် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့်ပုဂ္ဂိုလ်များကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း အခမ်းအနားသို့ တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ ခရီးလွန်နေသည့်ဘွဲ့ခံပုဂ္ဂိုလ်အား ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခံခန်းမတွင် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူမည့် ကာယကံရှင်ထံ ချီးမြှင့်အပ်နှင်းသည်။
ထိုသို့ ချီးမြှင့်အပ်နှင်းရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သိပ္ပကျော်စွာဘွဲ့ရရှိသည့် မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်အား ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်ချီးမြှင့်သည်။
ထို့ကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့အား ချီးမြှင့်ပေးအပ်သည့်အတွက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူများအပါအဝင် အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)