သနပ်ပင် ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ အလံတိုင်တွင်ယနေ့နံနက် ၅ နာရီခွဲက အလံတင်အခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ စစ်ခရာဖြင့် မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံတော်အလံအား အလေး ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းမှ ဖတ်ကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
သနပ်ပင်မြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများ ဖြစ်သော ကဗျာရွက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)