ရမည်းသင်းမြို့နယ် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲကျင်းပ

ရမည်းသင်း ဖေဖော်ဝါရီ ၁၂

ရမည်းသင်းမြို့နယ်၌ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ဦးဆောင်၍မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲက မြို့မဈေးအတွင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းတို့က ပူပြင်းခြောက်သွေ့၍ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ခရိုင်/ မြို့နယ် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဈေးသူဈေးသားများကို စည်းကမ်းတကျလိုက်နာစေရေး အသိပညာပေးဆွေးနွေးပြီး ခရိုင်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားကာ ဈေးသူ၊ ဈေးသားများအား လက်တွေ့မီးငြိမ်းသတ်ခြင်းကို လေ့ကျင့်သရုပ်ပြသသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေ သိန်း၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးတင်မြင့်နှင့်အဖွဲ့ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်းထမ်းများက မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ယာဉ်အသုံးပြု၍ သရုပ်ပြလေ့ကျင့်ခြင်းကို ကြည့်ရှုအားပေးကြပြီး မြို့မဈေးအတွင်း မီးဘေးကာကွယ်ရေးအတွက် ရေသိုလှောင်ထားရှိမှု၊ မီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိန်းပြည့်ဇော်

ခရိုင်(ပြန်/ဆက်)