ထန်းတပင်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြော

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၁၂

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲနှင့် ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက်ပိုင်းက  အ.ထ.က(ထန်းတပင်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အကြောင်းတို့ကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်နှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ် စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသလို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)