စစ်တွေ ဖေဖော်ဝါရီ ၁၂
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့အား ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ဆက်လက်ပြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ယင်းနောက် ရပ်ကွက်နေပြည်သူတစ်ဦးက လမ်းအဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်ပွဲလှစ်ပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းတလျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကာ ကွန်းကရစ်လမ်းဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ်ဖျော်ဖြေပေးကြသော အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ယခုဖွင့်လှစ်သော စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ်မှာ အရှည်(၁၅၀၀)ပေ၊ အကျယ်(၁၅)ပေ၊ ထု(၈) လက်မဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်အမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
ဆုချီးမြှင့်ပွဲတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “စည်းလုံးခြင်းအတွက် သီချင်း” တစ်ပုဒ်ဖြင့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သောအခမ်းအနားဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါအရာရောက်သော နေ့ထူးနေ့မြတ်ဖြစ်ပြီး ယခုဆိုလျင်(၇၉)နှစ်ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အထိမ်းအဖြစ် အားကစားပြိုင်ပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ထိုက်ထိုက်တန်တန်ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်၍ ယခုကဲ့သို့ အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း၊ ဆုရရှိကြသူများအနေဖြင့် ယခုနှစ်တွင်ထူးချွန်ဆုများရရှိအောင် ပိုမိုကြိုးစားဆောင်ရွက်ခဲ့ကြသကဲ့သို့ နောင်နှစ်များတွင်လည်း ထူးချွန်ဆုများရရှိအောင် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများအားလည်းကောင်း၊ တိုင်းမှူးက အလယ်တန်းအဆင့် ဆုရရှိကြသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လည်ဆွဲဆုတံဆိပ်၊ ဆုငွေနှင့် တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများ၏ စာစီစာကုံးစာမူများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)