ကျောက်ဆည်မြို့၌ ငလျင်ဘေးသင့် လူနေအိမ်များအား လှူဒါန်းငွေနှင့် ပစ္စည်းများ ပေးအပ်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်သော လှူဒါန်းငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်ခြင်းကို ကျောက်ဆည်မြို့ မြို့နယ်အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၉ အုပ်စုမှ လုံးဝပျက်စီးခဲ့သည့် တိုက်အိမ်၊ ပျဉ်ထောင်အိမ် ၅၂၀ လုံးအတွက် ၁ လုံးလျှင်၂၀၀,၀၀၀ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၁၀၄,၀၀၀,၀၀၀၊ လုံးဝပျက်စီးဝါးထရံကာအိမ် ၅ လုံးအတွက် ၁ လုံးလျှင် ၁၀၀,၀၀၀နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၅,၂၀၀,၀၀၀၊ တစ်စိတ်တစ်ပိုင် ပျက်စီးအိမ်ခြေ ၃၄၂၄ လုံး အတွက် ၁ လုံးလျှင် ငွေကျပ် ၅၀,၀၀၀နှုန်း အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၇၁,၂၀၀,၀၀၀ ၊ လူ ၁ ဦးလျှင် ဆန်ရိက္ခာ ၇ ရက်စာအတွက် ၅,၀၀၀ ကျပ် နှုန်းဖြင့် လူဦးရေစုစုပေါင်း ၁၆၁၉၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ၈၀,၉၇၀,၀၀၀ ကျပ်နှင့် စုစုပေါင်းငွေ ၃၆၁,၃၇၀,၀၀၀ ကျပ်အား ကျောက်ဆည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများမှ ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ ငလျင်လှူဒါန်းငွေနှင့် ပစ္စည်းများ ပေးအပ်နိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ငလျင်ဒဏ်သင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)