ဒဂုံမြောက် ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေ ၃ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက “ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာများအားလုံး စည်းစည်းလုံးလုံးနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ရက်များအတိုင်း လုပ်ငန်းများပြီးပြတ်မှုရှိအောင်ဆောင်ရွက်သွားရန်တို့ကိုဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် လဝကဦးစီးမှူးမှ မြို့နယ်အတွင်း သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်နေမှုနှင့် မြို့ဦးစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် စီမံကိန်းလုပ်ငန်းများပတ်သက်၍ ဆွေးနွေးပြောကြားကြပြီး အစည်းအဝေးကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ