လက်ပံတန်း၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ ကျင်းပ

လက်ပံတန်း ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက လက်ပံတန်းမြို့နယ် မြို့မအားကစားရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံအလိုက် ကလေးများနေ့အား အသိအမှတ်ပြုထားပြီး စည်းကားသိုက်မြိုက်စွာကျင်းပသလို မိမိတို့မြန်မာနိုင်ငံတွင်လည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့အား မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ပြီး ကလေးများနှင့်အတူ ပျော်ပွဲရွှင်ပွဲများကျင်းပ၍ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများဖွံ့ဖြိုးမှုရှိစေရန် မြှင့်တင်ပေးသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရင်သွေးငယ်လေးများက အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲအပါအဝင် စွမ်းရည်ပြိုင်ပွဲများကိုကျင်းပရာ လက်ပံတန်း၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းနှင့် ပုဂ္ဂလိကမူကြိုကျောင်း ၁၀ ကျောင်းမှ မူကြိုရင်သွေးငယ် ၃၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား လက်ပံတန်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်မာဦးနှင့်တာဝန်ရှိသူများက အမှတ်တရဆု လက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)