တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းဇော်မြင့် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ အသင်း ရွေးချယ်တင် မြှောက်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းဇော်မြင့်က တိုင်းဒေသကြီးအနေဖြင့် လူဦးရေ (၁၅) သိန်းခန့်ရှိသည့်အတွက်လူဦးရေအချိုးနှင့်တွက်ပါက စားသုံးဆီလိုအပ်မှုမှာပျှမ်းမျှတစ်လတန် (၁၉၆၀) ခန့် လိုအပ်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်စားအုန်းဆီ တစ်လတန် (၃၅၀) အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တင်သွင်းလာသောစားအုန်းဆီများအနက် အသင်းဝင်ကုမ္ပဏီများမှတစ်ဆင့် တနင်္သာရီတိုင်း ဆီကိုယ်စားလှယ်များကို လစဉ်ရည်ညွှန်းသတ်မှတ်ဈေးဖြင့် ဖြန့်ခွဲပေးလျက်ရှိကြောင်း၊ ယခုလိုအစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းပြီးဒေသပြည်သူများစားသုံးဆီ လုံလောက်စွာရရှိနိုင်ရေးအတွက် တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကိုလာရောက်ဖွဲ့စည်းပေးပါသော မြန်မာနိုင်ငံဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအားကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွက် လိုအပ်သောစားသုံးဆီများကိုလည်း ပိုမိုရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးဌေးမိုးက ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အားဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးဦးစိုးဦးက စားအုန်းဆီများကို ထားဝယ်ခရိုင်တွင် တန်(၁၅၀)၊ မြိတ်ခရိုင်တွင် တန် (၁၄၀) ၊ ကော့သောင်းခရိုင်တွင် တန် (၆၀) ခန့်တို့ကို စားသုံးသူပြည်သူလက်ဝယ်အရောက် လက်ကားဆိုင်များမှတစ်ဆင့် ၂ % အမြတ် ထက်မပိုဘဲ နေ့စဉ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ စီမံခန့်ခွဲရေးကော်မတီဝင်များတို့က အဆင့်ဆင့်စိစစ်၍ အတည်ပြုရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)