ဘားအံ ဖေဖော်ဝါရီ ၁၂
ကရင်ပြည်နယ်ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက်များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း၌ အိန္ဒုတိုက်နယ်အတွင်း လွန်းညကျေးရွာ၊ အိန္ဒုကျေးရွာနှင့် ကော့စိန်ဘန် (အထက်) ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလတ်ဒေသဖွံ့ဖြိုး တိုးတတ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဘေးအန္တာရယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ လယ်ယာရိုးပြတ်တောများမီးရှို့မှုမရှိစေရေး၊ တောင်ယာခုတ်ထွင် မီးရှို့ခြင်းများမရှိစေရေး၊ တောမီးနှင့်အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှု Hotspots အရေအတွက် များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း၊ မီးခိုးမြူငွေ့အန္တရာယ်အသိပညာပေး မမြင်နိုင်သော လူသတ်သမားဗီဒီယိုအားပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မီးလောင်ကျွမ်းခဲ့သည့် နေရာများသို့ ဒေသခံများနှင့်အတူ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးစိုးအေး (ပြန်/ဆက်)