နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အပျိုဆောင်၊ အမှုထမ်းအိမ်ရာများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးများအပေါ် အသစ်ပြန်လည်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲလေးထပ်(2-Bed) သံကူကွန်ကရစ်အဆောက်အဦများ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေးအတွက် လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး ရေရှည်ခိုင်ခံ့ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်အတွင်းအသုံးပြုရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ တာဝန်ရှိသူများအနေဖြင့် အနီးကပ်ကြီးကြပ်‌ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံးဝင်းအတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ်သံကူကွန်ကရစ် အဆောက်အဦတည်ဆောက်နေမှုနှင့် သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ အပျိုဆောင်တစ်လုံးတည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)