ဒလ ဖေဖေါ်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာသူ၊ ကျေးရွာသားများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်) အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သမ္ဘာန်ချောင်းကျေးရွာ၌ ထုတ်ချေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းထုတ်ချေးရာတွင် ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စံချောချောခင်က ချေးငွေထုတ်ချေးပေးသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ရှင်းလင်းပြောကြားပြီး ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက အသင်းသား (၁၈) ဦးအား စတုတ္ထစက်ဝန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် (၁၁) သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)